ဝိပဿနာ မိတ်ဆက်

‘ဒါန’ဆိုတဲ့လှူဒါန်းခြင်းက နတ်ပြည်ကို ရောက်နိုင်ပါတယ် ။

မြတ်စွာဘုရားက ရေမြောင်းထဲမှာရှိတဲ့ ပိုးမွှားလေးတွေ စားပါစေဆိုတဲ့စိတ်နဲ့ ထမင်းစားပန်းကန်ဆေးထားတဲ့ရေကို ရေမြောင်းထဲ သွန်ပေးတာသည်ပင်လျှင် ကောင်းမှု‘ကုသိုလ်’ ဖြစ်တယ်လို့ ဟောပါတယ် ။

သို့သော် အမြတ်ဆုံး ကောင်းမှု'ကုသိုလ်’ကတော့ အညစ်အကြေးကိလေသာတွေဖြစ်တဲ့ စိတ်လိုချင်မှုလောဘ ၊ စိတ်ကြမ်းတမ်းမှုဒေါသ ၊ စိတ်တွေဝေမှုမောဟ ကင်းတဲ့ ရဟန္တာကို လှူခြင်းလို့ ဟောပါတယ် ။

အညစ်အကြေးကိလေသာ ကင်းအောင် အားထုတ်ကျင့်ကြံနေတဲ့သူတွေကို လှူတာလည်း အကျိုးကျေးဇူးများပါတယ် ။

အလှူခံတဲ့သူကို မူတည်ပြီး ကောင်းမှု'ကုသိုလ်’ ရတာမရတာကို မရည်ရွယ်ပဲ အကျိုးများခြင်း မများခြင်းကိုသာ သတ်မှတ်တာပါ ။

‘သီလ’ဆိုတဲ့‌စောင့်ထိန်းခြင်းကလည်း နတ်ပြည်ကို ရောက်နိုင်ပါတယ် ။

အခြေခံလည်းဖြစ် အရေးလဲကြီးတဲ့ ငါးပါးသီလမှာ သူ့အသက်ကိုမသတ်ခြင်း ‘ပါဏာတိပါတ’ ၊ သူတစ်ပါးဥစ္စာကို မခိုးခြင်း ‘အဒိန္နာဒါန’ ၊ သူများသားမယားကို ပြစ်မှားကျူးလွန်မှုမပြုခြင်း ‘ကာမေသု မိစ္ဆာစာရ' ၊ သူတစ်ပါးထိခိုက်အောင် လိမ်ညာ၍မပြောခြင်း ‘မုသာဝါဒ’ ၊ အရက်သေစာမသောက်စားခြင်း ‘သုရာမေရယ’ စသည်တို့ ဖြစ်ပါတယ် ။

မဂ္ဂင်ရှစ်ပါးထဲက သမ္မာဝါစာနည်းအရ သူတစ်ပါးထိခိုက်အောင် လိမ်ညာ၍မပြောခြင်း ‘မုသာဝါဒ’ကို စောင့်ထိန်းရင် ပိုပြီးပြည့်စုံစေပါတယ် ။

သူတစ်ပါးထိခိုက်အောင် မဟုတ်မမှန်ပြောခြင်း “လိမ်ညာ၍ သက်သေထွက်ဆိုခြင်း”မှ ကြဉ်ရှောင်ခြင်း ၊ ကုန်းစကား “ချစ်ခင်‌‌သူနှစ်ဦးကို စိတ်ဝမ်းကွဲ‌အောင် ပြောခြင်း”မှ ကြဉ်ရှောင်ခြင်း ၊ ရုန့်ကြမ်းသောစကား “ဆဲ‌ဆိုခြင်း”မှ ကြဉ်ရှောင်ခြင်း ၊ ပြိန်ဖျင်းသောစကား “အကျိုးမရှိသောစကားပြောခြင်း”မှ ကြဉ်ရှောင်ခြင်းတို့သည် သမ္မာဝါစာနည်းအရ စကားပြောရာတွင် စောင့်ထိန်းသင့်တဲ့ အချက်တွေပါ ။

မြတ်စွာဘုရားက သီလ ဆောက်တည်ခြင်းဖြင့် လှူဒါန်းခြင်း‘ဒါန’ကို ပြုလုပ်ပြီး ဖြစ်တယ်လို့ ဟောတယ် ။ ဘာကြောင့်လဲဆိုရင် ပါဏာတိပါတဆိုတဲ့ သူတစ်ပါးအသက်ကို မသတ်တာက သူတစ်ပါးကို အသက်ပေးလှူရာရောက်တယ်လို့ သတ်မှတ်တယ် ။ သူတစ်ပါးပစ္စည်းကို မခိုးတာကလည်း သူ့ဥစ္စာကို တစ်နည်းအားဖြင့် ပေးလှူရာ ရောက်တယ် ။ ကာမေသုမိစ္ဆာစာရဆိုတဲ့ သူများသားမယားကို ပြစ်မှားခြင်း ၊ မုသာဝါဒဆိုတဲ့ သူတစ်ပါးထိခိုက်အောင် လိမ်ညာပြောဆိုခြင်းနဲ့ အရက်သေစာသောက်စားခြင်းတို့ကို စောင့်ထိန်းခြင်းကြောင့်လည်း တခြားသူကို စိတ်အနှောင့်အယှက် မဖြစ်စေဘူး ။

အဲ့ဒါအတွက်ကြောင့်မို့လို့ သီလစောင့်ထိန်းခြင်းက လှူဒါန်းခြင်း‘ဒါန’ကို ပြုလုပ်ရာလည်းရောက်တယ်လို့ မြတ်စွာဘုရားက ဟောတော်မူတယ် ။